သွားကိုက်သွားနာဖြစ်ပြီဆိုရင် ဘာလုပ်သင့်လဲ
ဘယ်လောက်ပဲ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်နေသူတစ်ဦးဖြစ်ပါစေ၊ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ သွားကိုက်သွားနာ ဝေဒနာကို ခံစားဖူးကြမယ်ထင်ပါတယ်။ များသောအားဖြင့် သွားကိုက်ခြင်းဟာ စိုးရိမ်စရာကျန်းမာရေးပြဿနာတစ်ခု မဟုတ်ပေမဲ့ နာကျင်ကိုက်ခဲမှုဝေဒနာက မခံမရပ်နိုင် ဖြစ်လာတဲ့အခါ သေချာကုသမှုခံယူသင့်ပါတယ်။
ဘာကြောင့် သွားကိုက်သွားနာဖြစ်သလဲ။
သွားထဲမှာရှိတဲ့ သွားဖုံးအပျော့လေးမှာ အာရုံကြောများ၊ တစ်ရှူးများ၊ သွေးကြောများနဲ့ ဆက်စပ်ထားတာကြောင့် အလွန်ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းလို့ ဆိုနိုင်ပါတယ်။ မာကြောတဲ့ အရာဝတ္ထု၊ ဖိအားသက်ရောက်မှု ဖြစ်တဲ့အခါ၊ ပိုးဝင်တဲ့အခါ အာရုံကြောတွေကိုပါ ထိခိုက်သွားတဲ့အတွက် နာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။
အဖြစ်များတဲ့ အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်
- သွားများ ပျက်စီးဆွေးမြေ့လာခြင်း
- သွားအတွင်း ဘက်တီးရီးယားပိုးဝင်ခြင်း
- သွားကျိုးပဲ့ခြင်း
- သွားအခေါင်းပေါက်မှာ ထိခိုက်မိခြင်း
- မကြာခဏ သွားကို လှုပ်ရှားနေခြင်း (ဥပမာ - ပီကေဝါးခြင်း၊ အံကြိတ်ခြင်း)
- သွားဖုံးမှာ ရောဂါပိုးဝင်ခြင်း
- သွားဖုံးအတွင်းမှ အံဆုံးသွားထွက်လာခြင်း၊ အံဆုံးသွားဖယ်ရှားခြင်း စတာတွေကြောင့် သွားကိုက်သွားနာနိုင်ပါတယ်။
သွားကိုက်သွားနာခြင်းရဲ့ လက္ခဏာတွေကတော့
- စူးရှပြီး ဆစ်ကနဲဖြစ်တဲ့ သွားနာကျင်ခြင်း
- သွားဖုံးက ပျော့အိအိဖြစ်ပြီး ရောင်နေခြင်း
- အဖျားတက်ခြင်း
- ပါး၊ မျက်နှာရောင်ရမ်းခြင်း
- ခေါင်းကိုက်ခြင်း
- ပိုးဝင်ထားတဲ့သွားကနေ အောက်သိုးသိုးအနံ့ရှိတဲ့ အရည်များယိုစိမ့်ခြင်း
- ပါးစပ်ကနေ ခံတွင်းအနံ့ဆိုးထွက်ခြင်း
အကယ်လို့ သွားကိုက်သွားနာအပြင် အသက်ရှူရခက်ခြင်း၊ အစာမျိုချရခက်ခြင်း စတဲ့ပြဿနာတွေကိုပါ ကြုံလာရတယ်ဆိုရင်တော့ သွားနဲ့ခံတွင်းဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အရေးကြီးပါတယ်။
သွားကိုက်သွားနာဖြစ်ရင် သူ့အလိုလို သက်သာပျောက်ကင်းနိုင်လား။
သာမန် သွားကိုက်သွားနာဖြစ်ခြင်း (သွားပတ်လည်မှာ နာကျင်ခြင်း) ကတော့ သွားနဲ့ခံတွင်းဆေးခန်းကို သွားပြစရာမလိုဘဲ သူ့အလိုလို သက်သာပျောက်ကင်းနိုင်ပါတယ်။ သွားဖုံးနီရဲပြီး ရောင်ရမ်းနာကျင်မှုဟာ ရက်အနည်းငယ်ထိ ကြာနိုင်ပါတယ်။ သွားအထဲကနေ စူးရှပြီး ဆစ်ကနဲနာကျင်တာမျိုး၊ မခံမရပ်နိုင်အောင် ကိုက်ခဲတာမျိုး၊ တစ်ပတ်ကျော်ကြာတဲ့အထိ လုံးဝမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါပဲ။
ကိုယ့်ဖာသာ အိမ်မှာ ကုသနိုင်မယ့်၊ ကိုက်ခဲမှုဝေဒနာကို သက်သာစေမယ့် နည်းလမ်းတွေကတော့
- ဆားငန်ရည် ရေကျက်နွေးနဲ့ ပလုတ်ကျင်းပေးပါ။ သွားတိုက်ပြီးချိန်မှာ ပလုတ်ကျင်းပေးတာ အကောင်းဆုံးပါပဲ။
- ရေခဲဝတ်ကပ်ပေးပါ၊ သို့မဟုတ် ရေခဲအုံပေးပါ။
- အကိုက်အခဲပျောက်ဆေး သောက်ပေးပါ။
- ပျော့တဲ့အစားအစာများ၊ အရည်များများ သောက်ပေးပါ။
- အချိုများတဲ့၊ အလွန်ပူတဲ့ သို့မဟုတ် အလွန်အေးတဲ့၊ အကြော်အလှော်များ၊ အစပ်များကို ရှောင်ပေးပါ။
- ရေများများသောက်ပေးပါ။
အကယ်လို့ တစ်ပတ်အတွင်းမှ မသက်သာသွားဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်ရပါမယ်။ ဆရာဝန်အနေနဲ့ လူနာရဲ့ ရောဂါရာဇဝင်ကို မေးမြန်းပြီးတဲ့အခါ နာကျင်မှုကိုဖြစ်စေတဲ့ နေရာကို စမ်းသပ်ခြင်း၊ ကိုက်ခဲမှုစတင်ဖြစ်တဲ့အချိန်၊ ပြင်းထန်မှု၊ ဘယ်လိုအခြေအနေမှာ ပိုကိုက်ခဲလဲ စတာတွေကို မေးမြန်းမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ သွားနဲ့ခံတွင်းရဲ့ အပြင်ပိုင်းအခြေအနေကို လေ့လာပြီး
- သွားပိုးပေါက်ကြောင့် ဖြစ်တဲ့ပြဿနာဆိုရင် သွားပိုးပေါက်ကို ဖာထေးတာ၊ သွားနှုတ်တာ
- အံဆုံးကြောင့် ဖြစ်တဲ့ပြဿနာဆိုရင် သွားအခြေအနေကို ကြည့်ပြီး လိုအပ်လာရင် အံဆုံးသွားကို နှုတ်ပစ်တာ
- အသားပျော့မှာ ပိုးဝင်တာကြောင့် အာရုံကြောကို ထိခိုက်မိတဲ့အခြေအနေမျိုးမှာ အသားပျော့ကို ဖယ်ထုတ်ပြီး အသစ်ပြန်ထည့်ပေးတာ
- အခြေအနေပေါ်မူတည်ပြီး ပဋိဇီဝပိုးသတ်ဆေးပေးတာ စတဲ့နည်းလမ်းများနဲ့ ကုသပေးနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ရဲမျိုးမြတ်